ခင်ဗျားရှင်သန်သ၍ တော်လှန်ရေးက ရှင်သန်နေတယ်။ တော်လှန်ရေးရှင်သန်နေသ၍ ခင်ဗျားနဲ့အတူ ကျနော်ရှိနေမှာပါ။
တချို့ကိစ္စတွေက အချိန်အခါကို စောင့်ရတယ်။ သူ့အချိန်ရောက်မှ ရင့်မှည့်ရတာမျိုး ပိုနားလည်လာတယ်။ သူ့အချိန်ရောက်မှ အကျိုးပေးတတ်တာကိုလည်း သိတတ်ရတယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးကို ဖြတ်သန်းနေတဲ့ကာလမှာ အတိတ်ကြေးမုံကိုပြန်ကြည့်ဖို့ ထစ်ချုန်းသလိုပေါ်လာတဲ့ အရုဏ်ကို စာဖတ်သူတွေလက်ထဲ ထည့်လိုက်ပါပြီ။ မကြာခင် ပစ္စုပ္ပုန်အကြောင်း ရေးလက်စဖြစ်တဲ့ ငှက် သူ့ကိုပေးပါလေစာအုပ်ကို အပြီးသတ်ရေးသားပြီး ထုတ်ဝေနိုင်တော့မှာပါ
ကျနော်တို့တိုင်းပြည်ရဲ့ ကုန်လွန်ခဲ့တဲ့ အနှစ် ၁၅၀ကိုပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်ပြီး စစ်ပဒေသရာဇ်ခေတ်တွေကို လူမျိုးပေါင်းစုံ ခါးစည်းဖြတ်သန်းနေရဆဲပါ။ ရှည်ကြာလှတဲ့ အမှောင်တိုက်အောက် လွတ်လပ်ရေးတိုက်ပွဲကာလ ဦးအောင်ဆန်းပေါ်ထွက်လာတဲ့ တိုတောင်းလှတဲ့အချိန်ဟာ ကျနော်တို့အားလုံး ဖျတ်ခနဲမြင်ခဲ့ရတဲ့ “အရုဏ်”တခုဖြစ်ခဲ့ပါတယ်။ အရုဏ်ကျင်းပြီး မိုးမသောက်၊ အလင်းမရောက်ခဲ့ဘဲ မြန်မာစစ်တပ်ရဲ့ စစ်ပဒေသရာဇ်စနစ် ထူထောင်မှုအောက် ပြည်တွင်းစစ်ကြီးနဲ့အတူ တိုင်းပြည်ထူထောင်ခန်း၊ နိုင်ငံထူထောင်ခန်းကို ဘယ်တော့မှမရောက်ခဲ့ဘဲ ကျရှုံးနိုင်ငံအဖြစ် ကျရောက်ခဲ့ပါတယ်။ အတိတ်ကြေးမုံပြင် “အရုဏ်”မှာ ပြည်မက မြန်မာနိုင်ငံရေးသမားတွေရဲ့ “မနာလိုမုန်းတီးမှုနဲ့ ဂိုဏ်းဂဏဝါဒစွဲ”ကို အခြေခံတဲ့ နိုင်ငံရေးယဉ်ကျေးမှုကနေ အလွှာလွှာအထပ်ထပ် ရစ်ပတ်ထားတဲ့ပဋိပက္ခတွေ ပြည့်နှက်နေပြီး ဒီယဉ်ကျေးမှုဟာ အတွေးအခေါ်တိုက်ပွဲနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနှစ်မျိုးကို မွေးထုတ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းရဲ့ လက်ယာစွန်း စစ်ပဒေသရာဇ်ဝါဒီ မြန်မာစစ်တပ်ဟာ နိုင်ငံတော် တည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်တွေအားလုံးကို လက်ဝါးကြီးအုပ်လိုက်ပြီး ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါက်ကွဲထွက်လာခြင်းနဲ့ အရှေ့မြောက်ဒေသက ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားခြင်းဆိုတဲ့ ဖြစ်ရပ်နှစ်ခုမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတော်အာဏာကို တတိယအကြိမ်လုယူသိမ်းပိုက်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ဘယ်လိုအတွေးအခေါ်၊ ဗီဇလက္ခဏာနဲ့ ရှင်သန်ကြီးထွားလာခဲ့သလဲဆိုတာ အနှစ် ၁၁၀သမိုင်းရုပ်ပုံလွှာတွေကို ရေးခြစ်ပြီး ကြိုးစားဖြေဆိုထားပါတယ်။
မြန်မာနောက်ဆုံး ပဒေသရာဇ်ခေတ် သီပေါမင်းစိုးစံခဲ့တဲ့ ၁၈၇၈ခုနှစ်ကနေ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွါးခဲ့တဲ့ ၁၉၈၈ခုနှစ်အတွင်း အနှစ် ၁၁၀ကြာ အတိတ်သမိုင်းဖြစ်စဉ်တွေကို ရေးသားထားတဲ့ ဒီစာအုပ်ဟာ လက်ယာစွန်းအတွေးအခေါ်ရှိသူ၊ အင်အားစုတွေက တိုင်းပြည်အာဏာကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ပြီး ပြည်တွင်းစစ်နဲ့အတူ မွေးဖွားလာတဲ့ မြန်မာစစ်တပ်အသစ်ဟာ စစ်ပဒေသရာဇ်စနစ်နဲ့ တိုင်းပြည်ကိုချုပ်ကိုင်ဖို့ စနစ်တကျ အချိန်ယူတည်ဆောက်ခဲ့တာတွေကို အတိတ်ကြေးမုံပြင်တချပ်လို ပြန်ကြည့်နိုင်မယ့် အပြည့်စုံဆုံးသော သမိုင်းနဲ့နိုင်ငံရေးစာအုပ်တအုပ်ဖြစ်ပါတယ်။
မြန်မာတို့ရဲ့နောက်ဆုံး ပဒေသရာဇ်မင်းဆက် ကုန်းဘောင်ခေတ်ရဲ့ ၇နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးဂိုဏ်းနဲ့ ရှေးရိုးစွဲဂိုဏ်းကြားက အာဏာလွန်ဆွဲမှု ပဋိပက္ခ၊ ဗြိတိသျှကိုလိုနီစနစ်အောက် မြန်မာနိုင်ငံရေးအင်အားစုတွေကြားက လူကြီးဂိုဏ်း၊ လူငယ်ဂိုဏ်းပဋိပက္ခ၊ လွတ်လပ်ရေးလှုပ်ရှားမှုကာလ လက်ယာ-လက်ဝဲဂိုဏ်းကြား ပဋိပက္ခ၊ ဂိုဏ်းအတွင်း ဂိုဏ်းဂဏတိုက်ပွဲများ ပဋိပက္ခတွေဟာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးကို မွေးဖွားစေခဲ့တဲ့ နိုင်ငံရေးယဉ်ကျေးမှုအမွေဆိုးတခု ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့်ပဲ လက်ဝဲ-လက်ယာဂိုဏ်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ပဒေသရာဇ်ဝါဒီ တပ်ရင်း ၄အခြေခံ မြန်မာစစ်တပ်အသစ်မွေးဖွားလာခဲ့ပါတယ်။ ဒီစစ်တပ်အသစ်ဟာ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၈၈ခုနှစ်တွေမှာ နိုင်ငံတော်အာဏာကို သိမ်းပိုက်လုယူခဲ့ပါတယ်။ အမျိုးသားရေးဝါဒီ ဗိုလ်နေဝင်းရဲ့မြန်မာစစ်တပ်ဟာ မဟာလူမျိုးကြီးဝါဒ၊ လူမျိုးခြားမုန်းတီးဆန့်ကျင်ရေးနဲ့ စစ်ဗိုလ်မင်းဆက်ထူထောင်ရေးကို ကျင့်သုံးပြီး ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုထူထောင်ရေး ခေါင်းစဉ်တွေအောက်မှာ နိုင်ငံတော်ကို သူတို့စိတ်ကြိုက် ထင်သလို ပုံဖော်မောင်းနှင်ပါတော့တယ်။ ဒီစာအုပ်မှာ ကျရှုံးနိုင်ငံဘဝ ကျရောက်စေခဲ့တဲ့ ပဋိပက္ခအရင်းအမြစ်တွေကို ဘုရင်၊ သူပုန်၊ ခေါင်းဆောင်နဲ့ မိစ္ဆာဆိုတဲ့ အပိုင်း ၄ပိုင်းခွဲပြီး တူးဆွထားပါတယ်။
မန္တလေးရတနာပုံ နေပြည်တော်က မြန်မာဘုရင် သီပေါမင်းစိုးစံခဲ့တဲ့ ကုန်းဘောင်ခေတ် နေဝင်ချိန်ကို ပြန်လည်တူးဆွရင်း မြန်မာသက်ဦးဆံပိုင်ပဒေသရာဇ် ဘာ့ကြောင့်ကျဆုံးခဲ့တာလဲဆိုတဲ့ အဖြေကို ဒီအပိုင်းမှာ ရှာဖွေခဲ့ပါတယ်။ ၁၈၇၈ခုနှစ်ကနေ ၁၉၂၅ခုနှစ်အတွင်း ပဒေသရာဇ်ခေတ်နဲ့ ကိုလိုနီခေတ်အောက်က လွမ်းမောဘွယ်ရာ အလွမ်းဇာတ်ထုပ်ကို ပြန်ဖြည်တဲ့အခါ ပြုပြင်ပြောင်းလဲရေးဂိုဏ်းနဲ့ ရှေးရိုးစွဲဂိုဏ်းကြားက ပဋိပက္ခဟာ အင်္ဂလိပ်တို့လက်အောက် တိုင်းပြည်ထက်ဝက်ကျော်ကျရောက်ပြီး အထက်မြန်မာပြည်သာ ကျန်တော့တဲ့ တိုင်းပြည်တခု ဗြိတိသျှတို့လက်အောက်အပြီးတိုင်ကျရောက်သွားစေခဲ့တဲ့ ၇နှစ်ကြာမြင့်ခဲ့တဲ့ နောက်ဆုံးဇာတ်ကွက်တွေထဲ ပုံပေါ်လာပါတယ်။ အိန္ဒိယနိုင်ငံ ရတနာဂီရိမှာ အကျဉ်းစံဘဝနဲ့ သီပေါမင်းက ၁၉၁၆ခုနှစ် ဒီဇင်ဘာမှာ နတ်ရွာစံခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီး ၁၉၁၉ခုနှစ်မှာ ပြန်တော်ပြန်လာတဲ့ မိဖုရားခေါင်ကြီး စုဖုရားလတ်ဟာ ၁၉၂၅ခုနှစ်မှာ ရန်ကုန်မြို့ကစံအိမ်မှာပဲ နတ်ရွာစံသွားခဲ့ပါတယ်။ နောက်ဆုံးမြန်မာ ပဒေသရာဇ်တဦး သမိုင်းဇာတ်ခုံပေါ်ကပျောက်ကွယ်သွားချိန်မှာပဲ ဂိုဏ်းဂဏအကွဲအပြဲတွေအောက် မြန်မာနိုင်ငံရေးအင်အားစုတွေဟာ မညီမညွတ်ရှိနေကြပါတယ်။ အဲဒီအချိန် ဆရာစံလယ်သမားသူပုန်ထမှုကြီး ပေါ်ထွက်လာပြီး ခေတ်သစ်နိုင်ငံရေးလှုပ်ရှားမှု အရှိန်အဟုန်ကောင်းကောင်းနဲ့ ပေါ်ထွက်လာခဲ့ပါတော့တယ်။
အမျိုးသားကျောင်းတွေမှာ တက်ရောက် သင်ကြားခဲ့ပြီး ဆရာစံသူပုန်ကို ဖြတ်သန်းခဲ့ကြတဲ့ မြန်မာလူငယ်တစုဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်း ဗြိတိသျှနေမဝင်အင်ပါယာကို စိန်ခေါ်ဖို့ ရန်ကုန်တက္ကသိုလ်ကို ရောက်လာကြပါတယ်။ ဘုရင့်နိုင်ငံရေးကနေ လူထုနိုင်ငံရေးဆီ ဦးတည်လာတဲ့ တိုးတက်တဲ့အမြင်ရှိသူ မြန်မာလူငယ်တစုဟာ မာ့က်စ်၊ လီနင် လက်ဝဲအတွေးအခေါ်တွေကို လေ့လာခဲ့ကြပြီး သူပုန်ဖို့ ခြေလှမ်းပြင်လာခဲ့ပါတယ်။ လက်ဝဲ-လက်ယာဂိုဏ်းကြား အုပ်စုဖွဲ့ယဉ်ကျေးမှုအောက် လူငယ်တွေအဓိကပါဝင်တဲ့ လက်ဝဲဂိုဏ်းရဲ့ လုံးဝလွတ်လပ်ရေးဆိုတဲ့ ဦးဆောင်မှုဟာ လူကြိုက်များ ကျော်ကြားလာခဲ့ပြီး လက်နက်ကိုင်နည်းနဲ့ ဗြိတိသျှတို့ကိုဆန့်ကျင်ဖို့ သခင်အောင်ဆန်းက နိုင်ငံခြားကူညီထောက်ပံ့မှုရှာဖွေဖို့ တရုတ်ပြည်ကို ထွက်သွားခဲ့ပါတယ်။ ဂျပန်စစ်တပ်ရဲ့ ညွှန်ကြားမှုအောက် ထူထောင်လိုက်တဲ့ မြန်မာစစ်တပ်ကို သခင်အောင်ဆန်းဦးဆောင်ခဲ့ပြီး ဒီစစ်တပ်ရဲ့အမြုတေ ရဲဘော်သုံးကျိပ်ဝင်ထဲမှာ လက်ဝဲ-လက်ယာဂိုဏ်း ၃ဂိုဏ်းက လူငယ်တွေပါဝင်ခဲ့ပါတယ်။ ပြိုကွဲမယ့်မျိုးစေ့ပါဝင်နေတဲ့ မြန်မာစစ်တပ်ဟာ ဂျပန်တော်လှန်ရေးအတွက် ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ စစ်တပ်ဆိုတဲ့ အင်အားစုသုံးခုကို မဏ္ဍိုင်ပြုပြီး ဖက်ဆစ်တိုက်ဖျက်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒုတိယကမ္ဘာစစ်အပြီး ပြည်မနိုင်ငံရေးမှာ ငြင်းလို့မရတဲ့ ခေါင်းဆောင်တဦး ဖြစ်လာပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းဟာ မြန်မာ စစ်တပ်က ထွက်ပြီး ဖဆပလ အဖွဲ့ချုပ် ခေါင်းဆောင်အဖြစ် လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနဲ့ စေ့စပ်ညှိနှိုင်းပါတယ်။ ဘုရင်ခံနဲ့ ဦးအောင်ဆန်းကြားက ထိပ်တိုက်ရင်ဆိုင်မှုတိုက်ပွဲတွေ ပေါ်ထွက်လာပြီးနောက် ဘုရင်ခံသစ်နဲ့အစားထိုးလိုက်ချိန်မှာ ဦးအောင်ဆန်းနဲ့ဖဆပလအဖွဲ့ချုပ်က ဘုရင်ခံအမှုဆောင်ကောင်စီထဲဝင်ပြီး အစိုးရဝန်ကြီးတွေဖြစ်လာပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေနဲ့ပေါင်းပြီး ဖောက်ပြန်သွားပြီ၊ အမျိုးသားသစ္စာဖောက်ဖြစ်သွားပြီလို့ ကွန်မြူနစ်ပါတီက စွပ်စွဲတိုက်ခိုက်တဲ့ ဂိုဏ်းဂဏစွဲပဋိပက္ခကြောင့် ကွန်မြူနစ်တွေကို ဖဆပလကထုတ်လိုက်ပါတယ်။ ဖဆပလအဖွဲ့ချုပ်ထဲမှာ ဆိုရှယ်လစ်အင်အားစုနဲ့ လက်ယာသမားတွေ ကြီးစိုးလာပြီး ဦးအောင်ဆန်းဟာ လွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီစာချုပ်နဲ့ တောင်တန်း-ပြည်မပေါင်းစည်းရေးအတွက် ပင်လုံစာချုပ်တွေကိုချုပ်ဆိုနိုင်ခဲ့ပါတယ်။ တနှစ်အတွင်း လွတ်လပ်ရေးဆိုတဲ့ကြွေးကြော်သံအောက် လက်ယာစွန်းဝါဒီ ဂဠုန်ဦးစောရဲ့ ပြိုင်ဘက်ကို အမြစ်ဖြုတ်သုတ်သင်တဲ့လမ်းစဉ်အရ ဦးအောင်ဆန်းနဲ့ အစိုးရဝန်ကြီးတွေကို လုပ်ကြံခဲ့ကြပါတယ်။ ၆လအကြာမှာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ရောက်လာပေမယ့် ဦးအောင်ဆန်းကျဆုံးပြီးတဲ့နောက်မှာ နိုင်ငံထူထောင်ရေးဖြစ်စဉ်တခုလုံး လအနည်းငယ်အတွင်း ဗုန်းဗုန်းလဲကျ ပျက်စီးသွားပါတယ်။ ဒါက ကွန်မြူနစ်တွေရဲ့ လက်နက်ကိုင်ပြည်တွင်းစစ်လမ်းစဉ် အတွေးအခေါ်တိုက်ပွဲနဲ့ ကရင်အမျိုးသားတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲနှစ်ခု ပေါ်ထွက်လာပြီး တိုင်းပြည်ဟာ ပဋိပက္ခနွံထဲ နစ်ဝင်သွားပါတော့တယ်။
ပြိုကွဲမယ့်ဗီဇပါတဲ့ မြန်မာစစ်တပ်ဟာ ၁၉၄၈ခုနှစ် ပြည်တွင်း စစ်အစမှာပဲ ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ ကရင် အမျိုးသားတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲကြောင့် တစစီပြိုကွဲ ပျက်စီးသွားခဲ့ပါတယ်။ ဆိုရှယ်လစ်တပ်မှူးကြီးတွေ အများစုပါဝင်တဲ့ တပ်ရင်း ၄ကို အခြေခံပြီး ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ဖြစ်လာတဲ့ မြန်မာစစ်တပ်အသစ်ဟာ သူတို့ရဲ့မဟာရန်သူတော် ကွန်မြူနစ်နဲ့ ကရင်လူမျိုးတွေအပေါ် အဓိကပစ်မှတ်ထားဖြိုခွင်းပါတော့တယ်။ ဖဆပလအဖွဲ့ချုပ်ထဲက ဆိုရှယ်လစ်အုပ်စုနဲ့ နိုင်ငံရေးအရ ကျောချင်းကပ်ထားတဲ့ မြန်မာစစ်တပ်ဟာ စီးပွါးရေးလုပ်ပိုင်ခွင့်တွေရပြီးနောက် နိုင်ငံရေးနယ်ထဲ ကျွံဝင်လာရာက ၁၉၅၈ခုနှစ်မှာ ဆိုရှယ်လစ်အုပ်စုရဲ့ကျောထောက်နောက်ခံနဲ့ ပထမဆုံးအကြိမ် အာဏာသိမ်းလိုက်ပါတယ်။ စစ်တပ်အားပြုတဲ့ ဆိုရှယ်လစ်အင်အားစုကို နိုင်ငံရေးဇာတ်ခုံပေါ်က ပြည်သူတွေမောင်းချလိုက်ချိန်မှာတော့ ဗိုလ်နေဝင်းစစ်တပ်ဟာ ဆိုရှယ်လစ်တပ်မှူးတွေကို တပ်ထဲကရှင်းထုတ်လိုက်ပြီး သူ့တဦးတည်း ချုပ်ကိုင်တဲ့ မြန်မာစစ်တပ်ကနေ ၁၉၆၂ခုနှစ်မှာ ဒုတိယအကြိမ် အာဏာသိမ်းလိုက်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ပြည်သူပိုင်သိမ်းပြီး အိန္ဒိယနဲ့တရုတ်နွယ်ဖွားတွေကို တိုင်းပြည်ထဲကနေ မောင်းထုတ်တာ၊ မြန်မာလူမျိုးတွေကြားထဲ လူမျိုးခြားမုန်းတီးရေး အမျိုးသားရေးအစွန်းရောက်ဝါဒကို သွတ်သွင်းတာ၊ မြန်မာစစ်တပ်သည်သာ ကယ်တင်ရှင်ဖြစ်တယ်၊ ကာကွယ်စောင့်ရှောက်သူဖြစ်တယ်ဆိုတဲ့ အမျိုးသားနိုင်ငံရေးအတွေးအခေါ် (ဖက်ဆစ်ဝါဒ)ကို ထူထောင်ပါတယ်။ (ဖက်ဆစ်နဲ့ဆိုရှယ်လစ်) မျက်နှာနှစ်မျိုးရှိတဲ့ မြန်မာဘူဇွာစစ်တပ်ဟာ ပါတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာဏာဆက်ခံရေးကို ပြင်ဆင်ပြီး စစ်ပဒေသရာဇ်စနစ်ကို ထူထောင်ပါတော့တယ်။ ၁၉၈၈ခုနှစ်မှာ လူထုအုံကြွတော်လှန်ပေါက်ကွဲမှုဟာ မြန်မာစစ်တပ်ဆီကို မဦးတည်ဘဲ မဆလပါတီ၊ မဆလအစိုးရကိုပဲ ဦးတည်ခဲ့ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဇာတ်သိမ်းပိုင်းမှာ မြန်မာစစ်တပ်ဟာ တိုင်းပြည်အာဏာကို တတိယအကြိမ်သိမ်းပိုက်လိုက်ပြီး မပြီးပြတ်သေးတဲ့ စစ်ပဒေရာဇ်ဝါဒကို အခြေချအောင် ပြန်လည်တည်ဆောက်ပါတော့တယ်။
"နေသန်မောင်" - နေသန်မောင်ကို ၁၉၇၇ခုနှစ်က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ရခိုင်-အိန္ဒိယကပြား ဖခင်နဲ့ ကရင်-မြန်မာကပြား မိခင်တို့ကဖွားမြင်တဲ့ မွေးချင်း ၁၁ယောက်ထဲ အငယ်ဆုံးသားဖြစ်ပါတယ်။ စစ်အစိုးရ ဆန့်ကျင်ရေး ၁၉၉၆နဲ့ ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့လို့ နယ်မြို့တွေမှာ ၉လကြာ ပုန်းအောင်ခဲ့ရပြီးနောက် ၁၉၉၉ခုနှစ် သင်္ကြန်မှာ ထိုင်းနယ်စပ်ကို ထွက်ခွါခဲ့ပါတယ်။ ပြည်ပြေးဘဝ ထိုင်းနိုင်ငံမှာ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာကော်မတီဝင်ဖြစ်ခဲ့ပြီး “အမြင်သစ်” အပတ်စဉ်ထုတ်သတင်းစာကို ၂၀၀၀ပြည့်နှစ် အောက်တိုဘာမှာ စတင်ထုတ်ဝေခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ Independent Journalism Foundation ကစီစဉ်တဲ့ ၆လကြာ သတင်းစာပညာသင်တန်းကို တက်ရောက်ခဲ့ပြီး ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလအထိ အမြင်သစ်ကို ဦးစီးထုတ်ဝေခဲ့ပါတယ်။ ၂၀၀၅ခုနှစ် မတ်လကုန်မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချပြီး The University of North Carolina at Greensboro တက္ကသိုလ်ကနေ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေနဲ့ ဝိဇ္ဇာဘွဲ့ကို ၂၀၁၀မှာ ရခဲ့ပါတယ်။ လွတ်လပ်တဲ့အာရှအသံရဲ့ ရေဒီယိုဆောင်းပါးရှင်အဖြစ် လုပ်ကိုင်းရင်း ရုပ်သံအစီအစဉ်အတွက် ၂၀၁၁ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာပြီး ရုပ်သံရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ လူ့အခွင့်အရေးသတင်းစာပညာကို မြှင့်တင်ဖို့ ၂၀၁၂ခုနှစ်မှာ ကမာရွတ်မီဒီယာကို ကိုဟံသာညိန်းနဲ့အတူ ပူးတွဲထူထောင်ခဲ့ပါတယ်။ ရုပ်သံသတင်း၊ သတင်းဆောင်းပါးကနေ ဖျော်ဖြေရေးကဏ္ဍဖြစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်လုပ်ငန်းဘက် တိုးချဲ့ထုတ်လုပ်ချိန်မှာ မြန်မာစစ်တပ်က စတုတ္ထအကြိမ် အာဏာသိမ်းလိုက်ပါတယ်။ မြန်မာစစ်တပ်က ၂၀၂၁ခုနှစ် မတ်လ ၉ရက်နေ့မှာ ရုံးကိုစီးနင်းပြီး ကိုဟံသာညိန်းနဲ့အတူ ဖမ်းဆီးတာခံခဲ့ရပါတယ်။ ရေကြည်အိုင်စစ်ကြောရေးကနေ အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ၃လကျော်အကြာ ဇွန်လ ၁၄ရက်နေ့မှာ အမှုတွေပိတ်ပြီး ပြန်လွှတ်၊ နောက်တနေ့မှာ အမေရိကန်ပြည်ထောင်စုဆီ ပြည်နှင်ဒဏ်ပေး ပြန်ပို့ခံခဲ့ရပါတယ်။ အကျဉ်းထောင်ထဲမှာ ကိုဟံသာညိန်းအပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်သောင်းခွဲကျော်ကို မြန်မာစစ်တပ်က အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
နိုင်ငံရေး၊ လူမှုရေးနဲ့ ခေတ်စနစ်ကို ထင်ဟပ်ထားတဲ့ မြန်မာပြည်ရဲ့ပထမဆုံးသော ဆစ်ကွန်ရုပ်သံဇာတ်လမ်းတွဲ
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရိုက်ကူးတဲ့ ရုပ်ရှင်ကား